ကားအစင်း ၁၄၀ ပျက်စီးခဲ့တဲ့ Incheon က EV မီးလောင်မှု
မီးလောင်မှုကြောင့် ကားအစင်း ၁၄၀ ပျက်စီးခဲ့ရပြီး လူ ၂၃ ဦးထိခိုက်မှုရှိခဲ့ပါတယ်.......
ယခုလ August 1 ရက်နေ့က တောင်ကိုရီးယားနိုင်ငံ Incheon မြို့ရဲ့ အထပ်မြင့်အဆောက်အဦးတစ်ခုရဲ့ မြေအောက်ကားပါးကင်မှာ EV ၁ စင်း မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဒေသစံတော်ချိန် ၆း၁၅ ဝန်းကျင်က လောင်ခဲ့တာဖြစ်ပါတယ်။
မီိးလောင်မှုဖြစ်ပွားတဲ့ကားကတော့ Mercedes ရဲ့ EV SUV တစ်စင်းဖြစ်တဲ့ EQE ပဲဖြစ်ပါတယ်။ အဆိုပါကားဟာ အားသွင်းထားခြင်းမရှိပဲ အလိုလျောက်မီးလောင်ပေါက်ကွဲတာလည်းဖြစ်ပါတယ်။ ကားကို ၅၉ နာရီကြာ ရပ်ထားခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့ မနက် ၆း၁၅ ဝန်းကျင်မှာ မီးခိုးတွေ စတင်ထွက်လာကာ မီးလောင်ပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။
မီးလောင်မှုကြောင့် မြေအောက်ကားပါကင်အတွင်း ရပ်နားထားတဲ့ ကားအစင်း ၁၄၀ မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရာမှု ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေကြောင့် လူ ၂၃ ဦး အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်ပွားခဲ့ပါတယ်။ အဆောက်အဦးအတွင်းမှ လူ ၇၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးခဲ့ရပြီး လျှပ်စစ်မီးများလည်း ဖြတ်တောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေက အဆိုပါဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပကာ မီးလောင်မှုဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့ အလားတူဖြစ်ရပ်တွေကိုကာကွယ်ဖို့ ညွှန်ကြားချက်အသစ်တွေ ထုတ်ပြန်သွားဖို့လည်း ရှိနေပါတယ်။
Mercedes EV တွေမှာ တပ်ဆင်ထားတဲ့ ဘတ္တရီက တရုတ်ဘတ္တရီထုတ်လုပ်ရေးလုပ်ငန်း CATL နဲ့ Farasis တို့က ထုတ်လုပ်ထားတာဖြစ်ပြီး ယခုမီးလောင်မှုဖြစ်ပွားတဲ့ EQE ရဲ့ ဘတ္တရီကတော့ Farasis က ထုတ်လုပ်ထားတဲ့ nickel cobalt manganese (NCM) battery အမျိုးအစားပဲဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ အဆောက်အဦးအချို့ရဲ့ မြေအောက်ကားပါကင်တွေမှာ လျှပ်စစ်ကားရပ်နားခွင့်ကို အရင်ကတည်းက တားမြစ်မှုတွေရှိခဲ့တာဖြစ်ပြီး ယခုဖြစ်ရပ်ကြောင့် EV ကားတွေအနေနဲ့ မြေအောက်ကားပါကင်တွေမှာ ရပ်နားခွင့် ပိုမိုဆုံးရှုံးတော့မှာလည်းဖြစ်ပါတယ်။
mercedes EQE
ဒါ့အပြင် EV တွေတွင်ကျယ်စွာအသုံးပြုရေးအတွက် အတားအဆီးတွေဖြစ်လာတော့မှာဖြစ်ပြီး EV တွေက အနာဂတ်မှာကော စိတ်ချရပါ့မလားမေးခွန်းတွေလည်းပိုမိုကျယ်လောင်လာတော့မှာဖြစ်ပါတယ်။
EV စျေးကွက်မှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တဲ့ Mercedes အနေနဲ့လည်း ICE ကားတွေနဲ့ အခြားသော ECO Friendly လောင်စာသုံးကားထုတ်လုပ်ရေးဘက်ကို ပိုမိုအာရုံစိုက်စေမလားဆိုတာတော့ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ကြောင်း ကားချစ်သူတွေအတွက်ဖော်ပြပေးလိုက်ပါတယ်။



